ကောလင်းနှင့် ကနီတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ရှောင်ဦးရေ ပိုများလာ
Episode description
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ ရှိတယ်ဗျ။ ၃ လပိုင်း ၂ ရက်နေ့ကနေ ပြန်ဖြစ်တယ်။ သစ်ဖုလတောင်ကုန်းမှာရှိတဲ့ စကစ ကျောက်တန်းရွာကို ဆင်းပြီးတော့မှ ငါးကြီးအိုင်ကို မီးရှို့တယ်။ မီးရှို့ပြီးတော့မှ ကျောက်တန်းကို ထပ်ပြီးမီးရှို့တယ်။ မီးရှို့ပြီးတော့မှ ခံသာရွာဘက် တိုးဖို့လုပ်တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတယ်ပေါ့” လို့ ပြောပါတယ်။
ကောလင်းမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာခဲ့ပြီး သုံးလနီးပါးကြာချိန်မှာ ပြန်လက်လွှတ်ခဲ့ရတာပါ။
